Monday , September 28 2020
Breaking News
Home / မေးခွန်းများ / ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင်ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင်ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင် ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ” မေးမြန်းရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က “ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်သည် ဧရိယာအားဖြင့် (၃၀.၅၄၅)စတုရန်းမိုင် ကျယ်ဝန်း၍ အဓိကကျသော လမ်းမကြီးများ၊ လမ်းသွယ်လမ်းကြားများပေါများသော မြို့နယ်ဖြစ်ပြီး လက်လုပ်လက်စား အခြေခံလူတန်းစား အများစု နေထိုင်လျက်ရှိသော မြို့နယ်ဖြစ်သည့်အားလျော်စွာ မှုခင်းဖြစ်ပွားမှုများပြားသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်သိန်း (၂၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးသော CCTV Camera တပ်ဆင်ရေး အဖွဲ့က စိစစ်၍ အောက်ဖော်ပြပါ (၇)နေရာတွင် CCTV Camera (၂၃)လုံးအား တပ်ဆင်လျက် Control Center Room ကို မြို့မရဲစခန်းတွင်ထားရှိ၍ အမှုနှင့်သက်ဆိုင်သည့် အကြောင်းအရာများအတွက် အသုံးပြုလျက် ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ၊ ဇူလိုင်လတွင် ပထမအကြိမ် ကျပ်သိန်း (၁၀၀)ဖြင့် CCTV Camera (၉)လုံးအား အမှတ်(၂)လမ်းနှင့် ဘုရင့်နောင်လမ်းဆုံ (ပင်လုံမီးပွိုင့်)တွင် CCTV Camera (၃)လုံး၊ ပြည်ထောင်စုလမ်းနှင့် အမှတ်(၂)လမ်းဆုံ၊ (တောင်မြောက်လမ်းဆုံ)တွင် CCTV Camera (၃)လုံး ၊ မောင်းမကန်လမ်းနှင့်အမှတ်(၂) လမ်းဆုံ (နတ်စင်လမ်းဆုံ)တွင် CCTV Camera (၃)လုံးတို့ကို တပ်ဆင်ထားပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် ဒုတိယအကြိမ် ကျပ်သိန်း(၅၀)ဖြင့် CCTV Camera (၆)လုံးအား မောင်းမကန်လမ်းနှင့် စည်ပင်လမ်းဆုံ (၁၈)ကွေ့တွင် CCTV Camera (၂)လုံး၊ မောင်းမကန်လမ်းနှင့် လှော်ကားလမ်းဆုံ (ဘုန်းကြီးကျောင်းကွေ့)တွင် CCTV Camera (၄)လုံး တပ်ဆင်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ မေလတွင် တတိယအကြိမ် ကျပ်သိန်း(၅၀)ဖြင့် CCTV Camera (၈)လုံးအား လှော်ကားလမ်းနှင့် အနော်ရထာလမ်းဆုံ (၅၆/၅၇) ရပ်ကွက်တွင် CCTV Camera (၄)လုံး၊ လှော်ကားလမ်းနှင့် ကျန်စစ်သားလမ်းဆုံတွင် CCTV Camera (၄)လုံး တပ်ဆင်ထားပါကြောင်း၊ ထို့ပြင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) ခွင့်ပြုငွေကျပ်သိန်း (၁၀၉၉၈)သိန်းကျော် ဖြင့် တောင်ဥက္ကလာပမြို့နယ် အဓိကပင်မ လမ်းဆုံ (၁၀) နေရာနှင့် ဒဂုံမြို့သစ်(၄)မြို့နယ်တွင် CCTV Camera များတပ်ဆင်ရန် ခွင့်ပြုခဲ့ရာ အဆိုပါ ခွင့်ပြုငွေမှ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွက် အောက်ပါနေရာ(၁၁)နေရာတွင် CCTV Camera (၅၂)လုံး အား တပ်ဆင်ကာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရှိ Command and Control Center နှင့် ချိတ်ဆက်အသုံးပြုလျက်ရှိပါကြောင်း၊ ယခုအခါတွင် တပ်ဆင်ထားသည့် CCTV Camera များမှာ မိုးရွာသွန်းမှုကြောင့်လည်းကောင်း၊ ပါဝါကြိုးပြတ်ခြင်း၊ ဒေတာကြိုးပြတ်ခြင်းတို့ကြောင့် အသုံးပြု၍ မရတော့ သဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ်လျက်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ (ကိုကိုးကျွန်း မြို့နယ်မပါ) မြို့နယ် (၄၄) မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ထားသော CCTV Camera (၉၉၈)လုံးအနက် ပျက်စီးနေသော CCTV Camera (၅၄၄) လုံးနှင့် ဖိုက်ဘာကေဘယ်ကြိုးများ ပြန်လည် ပြုပြင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း (၁၈၀၀)အား ၁၉.၃.၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၀) ဆုံးဖြတ်ချက် အပိုဒ် (၆၈)အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲရန် သဘောတူကြောင်း ဆုံးဖြတ်ချက်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ မှုခင်းများဖော်ထုတ်ရာတွင် အထောက်အကူများစွာ ရရှိခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားရာ တိကျမှန်ကန်သော သက်သေအထောက်အထားများရရှိခြင်းတို့ကြောင့် CCTV Camera များကောင်းမွန်ရန် လိုအပ်လျက်ရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်း တပ်ဆင်ထားခဲ့သည့် ပျက်စီးနေသော CCTV Camera (၂၃)လုံး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင်ပျက်စီးနေသည့် CCTV Camera များ ပြန်လည်ကောင်းမွန်စွာ အသုံးပြုနိုင်စေရန် အတွက် လိုအပ်သော ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၁၈၀၀)အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းရေးဆွဲထားရှိပြီး ဖြစ်ကြောင်းနှင့် ခွင့်ပြုငွေရရှိပါက ကျွမ်းကျင်ပညာရှင်များဖြင့် အမြန်ဆုံးပြန်လည်ပြုပြင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။
ဆက်စပ်မေးခွန်းအနေဖြင့် လက်ရှိပျက်စီးနေသော CCTV Camera များကို မည်သည့်အချိန်တွင် ပြင်ဆင်ပေးမည် သိရှိလိုပါကြောင်း၊ မည်သည့်နေရာများ (ဥပမာ-ကနကျွန်းလမ်း၊ပုလဲကျွန်းလမ်း၊ ပုလဲရတနာလမ်း၊ ပြည်ထောင်စုလမ်း) စသည့်နေရာများတွင် ယခုရက်ပိုင်းတွင်းမှာတင် လုယက်မှုများ ဖြစ်ပွားပါကြောင်း၊ သို့ဖြစ်ပါ၍ ထပ်မံတိုးမြှင့်တပ်ဆင်ပေးမည့် CCTV Camera များကို မည့်သည့်နေရာနှင့် လုံးရေအရေအတွက်မည်မျှတပ်ဆင်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက မြေပြင်တွင် လုံခြုံရေးအဖွဲ့များဖြင့် Survey ဆင်းပြီး ပြန်လည်ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှ ရှိပါသလဲ၊ ထိုစက်ရုံ အလုပ်ရုံများသည် စက်ရုံစတင်ဖွင့်လှစ်သည့် ကာလထားရှိခဲ့သော ကတိကဝတ်များ အတိုင်း ဆောင်ရွက်ခဲ့ပါသလား၊ ဆောင်ရွက်ခဲ့လျှင် ဥပမာအချက် ၃၊၄ ချက်ကို ပြောပြပေးပါ၊ ဆောင်ရွက်မှု မရှိလျှင် ဘာကြောင့်ပါလဲ၊ ပိတ်သိမ်းသွားသော အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအတွက် ရန်ကုန်တိုင်း အစိုးရအနေဖြင့် အခြားအလုပ်ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် စီမံကိန်းများရှိလျှင် သိရှိလိုပါကြောင်း မေးမြန်း

  ရန်ကုန်၊ ဩဂုတ် လ ၃၁ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                  ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် …