Monday , September 28 2020
Breaking News
Home / မေးခွန်းများ / ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှ ရှိပါသလဲ၊ ထိုစက်ရုံ အလုပ်ရုံများသည် စက်ရုံစတင်ဖွင့်လှစ်သည့် ကာလထားရှိခဲ့သော ကတိကဝတ်များ အတိုင်း ဆောင်ရွက်ခဲ့ပါသလား၊ ဆောင်ရွက်ခဲ့လျှင် ဥပမာအချက် ၃၊၄ ချက်ကို ပြောပြပေးပါ၊ ဆောင်ရွက်မှု မရှိလျှင် ဘာကြောင့်ပါလဲ၊ ပိတ်သိမ်းသွားသော အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအတွက် ရန်ကုန်တိုင်း အစိုးရအနေဖြင့် အခြားအလုပ်ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် စီမံကိန်းများရှိလျှင် သိရှိလိုပါကြောင်း မေးမြန်း

ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှ ရှိပါသလဲ၊ ထိုစက်ရုံ အလုပ်ရုံများသည် စက်ရုံစတင်ဖွင့်လှစ်သည့် ကာလထားရှိခဲ့သော ကတိကဝတ်များ အတိုင်း ဆောင်ရွက်ခဲ့ပါသလား၊ ဆောင်ရွက်ခဲ့လျှင် ဥပမာအချက် ၃၊၄ ချက်ကို ပြောပြပေးပါ၊ ဆောင်ရွက်မှု မရှိလျှင် ဘာကြောင့်ပါလဲ၊ ပိတ်သိမ်းသွားသော အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအတွက် ရန်ကုန်တိုင်း အစိုးရအနေဖြင့် အခြားအလုပ်ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် စီမံကိန်းများရှိလျှင် သိရှိလိုပါကြောင်း မေးမြန်း

 

ရန်ကုန်၊ ဩဂုတ် လ ၃၁ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္တနေ့တွင် လမ်းမတော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမာက “ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံ အရေအတွက်မည်မျှ ရှိပါသလဲ၊ ထိုစက်ရုံ အလုပ်ရုံများသည် စက်ရုံစတင်ဖွင့်လှစ်သည့် ကာလထားရှိခဲ့သော ကတိကဝတ်များအတိုင်း ဆောင်ရွက်ခဲ့ပါသလား၊ ဆောင်ရွက်ခဲ့လျှင် ဥပမာအချက် ၃၊၄ ချက်ကို ပြောပြပေးပါ၊ ဆောင်ရွက်မှုမရှိလျှင် ဘာကြောင့်ပါလဲ၊ ပိတ်သိမ်းသွားသော အလုပ်ရုံ၊ စက်ရုံများမှ အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် အခြားအလုပ်ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် စီမံကိန်းများရှိလျှင် သိရှိလိုပါကြောင်း ” မေးမြန်းရာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က “၁.၁.၂၀၂၀ ရက်နေ့မှ ၃၁.၇.၂၀၂၀ ရက်နေ့အထိ စာရင်းအရ အပြီးပိတ်သိမ်း၊ ယာယီပိတ်သိမ်းသည့် စက်ရုံ၊ အလုပ်ရုံ၊(၅၆)ရုံ အပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့်အင်အားလျော့ခြင်း စက်ရုံ၊အလုပ်ရုံပေါင်း (၁၇၃) ရုံရှိပါကြောင်း၊ အလုပ်သမား (၄၂၃၉၅)ဦး ရှိပါကြောင်း၊ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများသည် မိမိတို့အသက်ရှင် နေထိုင်ရေးနှင့် အလုပ်အကိုင်ပြန်လည်ရရှိနိုင်ရေးအတွက် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ကြော်ငြာ ပေးထားသော စက်ရုံအလုပ်ရုံများမှာ ပြန်လည်လျှောက်ထားဆောင်ရွက်နေသော လုပ်သားများလည်း အများအပြားရှိနေပြီဖြစ်ပါကြောင်း၊ ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၈(၁)အရ လုပ်ငန်းပိုင်ရှင်သည် အလုပ်ရုံအဖြစ် မည်သည့်အဆောက်အအုံ၌မဆို စတင်၍ လုပ်ငန်းလုပ်ခြင်း သို့တည်းမဟုတ် အဆောက်အအုံကို အသုံးပြုခြင်းမပြုမီ အနည်းဆုံးဆယ့်ငါးရက်ကြိုတင်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ နို့တစ်စာနှင့်တကွ အလုပ်သမား  ဥပဒေစိစစ်ရေးဌာနကိုပေးပို့ရပြီး စက်ရုံအလုပ်ရုံများ စတင်ဖွင့်လှစ်သည့်ကာလများကို  သတ်မှတ်ထားရှိပြီး ကတိကဝတ်အချက်များနှင့်စပ်လျဉ်းပြီး မိမိတို့ဦးစီးဌာနက စည်းကြပ်ထားသည့် ဥပဒေများတွင်ပါဝင်မှု မရှိသော်လည်း စက်ရုံအလုပ်ရုံများ စတင်ဖွင့်လှစ်ခြင်း၊ အလုပ်အကိုင်စတင်လုပ်ကိုင်၍ အလုပ်တာဝန်များ ထမ်းဆောင်ချိန်တွင် စက်ရုံအတွင်း၌ အလုပ်ရှင်အလုပ်သမားအရေအတွက် အချိုးညီပါဝင်သော စက်ရုံတွင်း ညှိနှိုင်းရေးအဖွဲ့ WCC ဖွဲ့စည်းခြင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားရှိသော အချက်(၂၁) ချက်ပါ အလုပ်ခန့်ထားမှုဆိုင်ရာ အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်အားချုပ်ဆို၍ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန သက်ဆိုင်ရာမြို့နယ်ရုံးများတွင် အတည်ပြုချက်ရယူပြီး ကတိကဝတ်ပြုဆောင်ရွက်ကြရ ပါကြောင်း၊ အလုပ်သမားညွှန်ကြားရေးမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်(၂)ချက်အပြင် အလုပ်ရှင် အလုပ်သမား၏ ညှိနှိုင်းဆွေးနွေးပြီး ထွက်ပေါ်လာသည့် သဘောတူညီချက်များကိုလည်း EC စာချုပ်တွင် ချုပ်ဆိုပြီးကတိကဝတ်ပြုဆောင်ရွက်စေပါကြောင်း၊ မေးခွန်း(၃)နှင့် စပ်လျဉ်း၍ ပိတ်သိမ်းသွားသော စက်ရုံ၊ အလုပ်ရုံများက အလုပ်သမားများရရှိမည့် ခံစားခွင့်များတွင် လုပ်ခလစာနှင့် လုပ်သက်ခွင့်ရက်အတွက် ခံစားခွင့်ငွေကြေးများကို ယခုလတ်တလောတွင် ဖြစ်ပေါ်သွားသော စက်ရုံအလုပ်ရုံ (၁၇၃)ရုံနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့်အလုပ်သမား၏ အကျိုးခံစားခွင့်များကို အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက ဆောင်ရွက်ပေးပြီး ဖြစ်ပါကြောင်း၊ အလုပ်ထုတ်နစ်နာကြေးနှင့်ပတ်သက်၍ အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးရုံး၊ မြို့နယ်ရုံးအနေဖြင့် အလုပ်ရုံ၊ စက်ရုံ ပိတ်သိမ်းခြင်းများအား အလုပ်သမားများက ကျေနပ်မှုမရှိကြောင်းတိုင်ကြားလာပါက ၂၀၁၂ခုနှစ် အလုပ်သမား ရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေအရ အကျိုးစီးပွားဆိုင်ရာ အငြင်းပွားမှုအဖြစ် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့က စစ်ဆေးဆောင်ရွက်ပြီး လုပ်သက်အလိုက် နစ်နာကြေးရရှိအောင် ဆောင်ရွက်ပေးပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ (အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်မှရပ်စဲခံရသော အလုပ်သမားနှင့်ပတ်သက်၍ နစ်နာကြေးနှုန်းထား သတ်မှတ်ခြင်း) အမိန့်ကြော်ငြာစာ အမှတ် (၈၄/၂၀၁၅)ဖြင့် ၃.၇.၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့်အတိုင်း အလုပ်ရှင်ကပေးရန်ကို ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ အလုပ်ရပ်စဲမှုနစ်နာကြေးအပြင် အလုပ်ထုတ်စဉ် ကြိုတင်(၁)လ အသိပေးခြင်း မရှိပါက နို့တစ်ကြေး(၁)လစာထပ်ပေါင်းပေးရမည်ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အလုပ်ရှင်နှင့်စက်ရုံ၊ အလုပ်ရုံ၊ ပိတ်သိမ်းခြင်းများအား အလုပ်သမားက နစ်နာကြေးယူခြင်းမရှိ အလုပ်ပြန်လည်ရရှိလိုသော အငြင်းပွားမှု၊ အလုပ်သမားများက အမိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅)ထက် ကျော်လွန်တောင်းဆိုသော အငြင်းပွားမှုများအား ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းပေးပို့ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ခုံသမာဓိအဖွဲ့ကစစ်ဆေးဆုံးဖြတ်ချက်ချမှတ်ခဲ့ပါကြောင်း၊ ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်အား အလုပ်ရှင်/အလုပ်သမား တစ်ဖက်ဖက်က ကျေနပ်မှုမရှိပါက (၇)ရက်အတွင်း ခုံသမာဓိကောင်စီခုံအဖွဲ့သို့ တက်ရောက်တိုင်ကြားနိုင်ပြီး ထပ်မံစစ်ဆေး၍ အငြင်းပွားမှုအား ဆုံးဖြတ်ချမှတ်ဆောင်ရွက်ပါကြောင်း၊ သို့ဖြစ်ပါ၍ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် စက်ရုံ၊အလုပ်ရုံ ပိတ်သိမ်းခြင်းများအား အလုပ်ထုတ်နစ်နာကြေးနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအရ အလုပ်မှရပ်စဲခံရသော အလုပ်သမားနှင့်ပတ်သက်၍ နစ်နာကြေးနှုန်းထားသတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၈၄/၂၀၁၅)ဖြင့် ထုတ်ပြန်ထားသည့်အတိုင်း အလုပ်ရှင်ကပေးရန်ရှိသည့် အလုပ်ထုတ်နစ်နာကြေးကို အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက တာဝန်ယူ ဖြေရှင်းဆောင်ရွက်ပေးပါကြောင်း၊ စက်ရုံပိတ်သိမ်းခြင်းနှင့် အခြားသောအကြောင်းအမျိုးမျိုးကြောင့် အလုပ်ရပ်နားသွားခဲ့ရသော အလုပ်သမားများအတွက် အခြားအလုပ်အကိုင် ပြန်လည်ရရှိလုပ်ကိုင်နိုင်ရေးနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် နှစ်ပတ်လျှင် တစ်ကြိမ် အစည်းအဝေး ပြုလုပ်ပြီး ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို လုပ်ငန်းလုပ်ကိုင်ခွင့်ပြုမိန့်များ ထုတ်ပေးနေကြောင်း၊ ၎င်းလုပ်ငန်းများအနေဖြင့် ဝန်ထမ်းလိုအပ်ချက်များကို အလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာများကပ်ထားခြင်း၊ မြန်မာ့အသံသတင်းဌာနများမှ ကြော်ငြာခြင်း၊ အလုပ်သမားအလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတွင် အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများ ကပ်ထားကြော်ငြာပြီး အလုပ်သမားမှတ်ပုံတင်များ နေ့ချင်းပြီး ဆောင်ရွက်ခြင်းများဖြင့် မိမိနိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်လျက် ရှိပါကြောင်း’’ ပြန်လည် ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ပျက်စီးနေသော လုံခြုံရေးကင်မရာ CCTV များပြင်ဆင်ပေးနိုင်ပါရန်နှင့် လိုအပ်နေသော နေရာများတွင် ထပ်မံတပ်ဆင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း …