Thursday , April 22 2021
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

 

ရန်ကုန်၊ ဇွန်လ ၂ ရက်၊ ၂၀၂၀ပြည့်နှစ်

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

ဒီနေ့ ကမ္ဘာကြီးဟာ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါ ဝေဒနာဆိုးကြီးကို ကြုံကြိုက်တွန်းလှန်နေကြရတဲ့ အချိန်အခါပဲဖြစ်ပါတယ်။ ပြည်ပနိုင်ငံ တစ်ချို့မှာ ကပ်ရောဂါဆိုးကြီးကြောင့် အသေအပျောက်များစွာ ကြုံတွေ့ခဲ့ကြရပြီးမကြာခင် မြန်မာနိုင်ငံမှာ ရောဂါကူးစက်မှု ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရဟာ အခြားနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါ ကြုံတွေ့ချိန် ကတည်းက လေ့လာခြင်း၊ ကာကွယ်မှုပြုလုပ်နိုင်မည့် အချက်အလက်များ ဆောင်ရွက်ခြင်းတို့ကို ကြိုတင်ပြင်ဆင်နိုင်ခဲ့ပြီး လူနာစတင် တွေ့ရှိတာနဲ့ ဆေးရုံသို့ချက်ချင်းခေါ်ယူ ကုသမှုများဆောင်ရွက်ခြင်း၊ လူနာနေထိုင်သော နေရာအား Lock Down ပြုလုပ်ခြင်း၊ Quarantine Centre များ ပြင်ဆင်ထားပြီး  လူနာနှင့်ထိတွေ့သူများကို သီးခြားခေါ်ယူ စောင့်ရှောက်၍ ရောဂါကူးစက်မှုရှိ/မရှိ စစ်ဆေးပေးခြင်း၊ တွေ့ရှိပါက သက်ဆိုင်ရာဆေးရုံသို့ ခေါ်ယူ၍ ချက်ချင်း ဂရုတစိုက်ကုသပေးခြင်းများကြောင့် ပြန်လည်ကောင်းမွန် လာသူ ရာခိုင်နှုန်း ၆၀ ကျော်ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူလူထုအကြား ကူးစက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်လာနိုင်တာကို တွေ့မြင်နေရ ပါတယ်။

ဒီလိုဆောင်ရွက်ခဲ့ကြတဲ့ လုပ်ငန်းစဉ်တွေအားလုံးမှာ ဆရာတော်ကြီးတွေ၊ အစိုးရအဖွဲ့တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ Volunteer တွေ၊ ပရဟိတအဖွဲ့တွေ၊ အလှူရှင်တွေ၊ ဘာသာပေါင်းစုံမှအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ရပ်ရွာအဖွဲ့တွေ၊ ပြည်သူတွေဟာ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူကာ စိတ်ဓာတ်ထက်သန်စွာနှင့် အင်တိုက်အားတိုက်ဝင်ရောက် ဆောင်ရွက်မှုတွေကို အံ့ဩလောက်အောင် တွေ့မြင်ရပြီး မြန်မာနိုင်ငံကို ပရဟိတ ဥယျာဉ်ကြီးလို့ပင် တင်စားမှတ်ကျောက် တင်ခံခဲ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အချိန်ပြည့်ဦးစီးဦးဆောင်ပြုပြီး လက်တွေ့  ဆောင်ရွက်နေသူများရဲ့ မြေပြင်အခြေအနေများကို Video Conference ဖြင့် တိုက်ရိုက် ထိတွေ့ကာ အခြေအနေမှန်များ ရယူ၍ လိုအပ်ချက်များ ဆွေးနွေးဖြည့်ဆည်းပေးကာ ပြည်သူအများက ညီညာတက်ကြွစွာ ဆောင်ရွက်နေမှု များကို အားကောင်းမောင်းသန်တွေ့မြင်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီကနေ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဆောင်ရွက်လိုတာက တော့-

COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါဝေဒနာဆိုးကြီးကို ကာကွယ်ထိန်းချုပ်ကုသ တုန့်ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပရဟိတစိတ်ဓာတ် အပြည့်အဝဖြင့် ဆောင်ရွက်ခဲ့ကြသော ဆရာတော်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ Volunteer များ၊ ပရဟိတအဖွဲ့ဝင်များ၊ ဘက်ပေါင်းစုံမှ လှူဒါန်းပေးကြသော အလှူရှင်များ၊ ဘာသာပေါင်းစုံအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ရွာအဖွဲ့များ၊ တပ်မတော်သားများ၊ (အထူးသဖြင့်)  COVID-19 ကပ်ရောဂါ တိုက်ဖျက်မှု ရှေ့တန်းသူရဲကောင်း ကျန်းမာရေးဝန်ထမ်းများ၊ အားလုံးကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ လေးလေးနက်နက်ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း ပြောကြားအပ်ပါတယ် ခင်ဗျား။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …