Friday , April 3 2020
Breaking News
Home / မေးခွန်းများ / ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို မေးမြန်း

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၀ပြည့်နှစ်                                                                           

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀) ပဉ္စမနေ့တွင် အလုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းက “ ယနေ့လေလွင့်ကလေးငယ်များအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲဆောင်ရွက်နေသည့် အရပ် အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မည်ကဲ့သို့စီမံ လုပ်ဆောင်ပေးနိုင်မည်ကို  ” မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “  မြန်မာနိုင်ငံတွင် ကော်ရှူခြင်း အလေ့အထအား ၂၀၁၀ ပြည့်နှစ် အလွန်မှစတင် ခေတ်စားသုံးစွဲလာသည်ဟု ခန့်မှန်းရပြီး အစဦးပိုင်းတွင် လမ်းပေါ်နေကလေးများ၊ လေလွင့်လူငယ်များ၊ တောင်းရမ်းစားသောက်နေကြသည့် လူငယ်များ စသည့် လူမှုရေး၊ စီးပွားရေးနိမ့်ကျသည့် အသိုင်းအဝိုင်းများတွင် ကော်ရှူခြင်း အလေ့အထအားတွေ့ရှိရပြီး ကော်ရှူ ခြင်းဖြင့် ဆာလောင်မှုမရှိခြင်း၊ အပင်ပန်းခံနိုင်ခြင်းစသည့် စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်ရှိသကဲ့သို့ ယူဆကာ လွဲမှားသည့် အယူအဆများဖြင့် သုံးစွဲကြခြင်းဖြစ်ပါကြောင်း၊ ကော်ရှူရန်အတွက် ကော်အား အိမ်ဆောက် ပစ္စည်းဆိုင်များ၊ ကုန်မာပစ္စည်းဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် အများဆုံးအသုံးပြု နေသောကော်များမှာ ဈေးနှုန်းသက်သာသည့် ပိုက်ဆက်ကော်၊ သစ်သားကပ်ကော်၊ စက်ဘီးတာယာဖာရာတွင် အသုံးပြုသည့်ကော် စသည့် ကော်အမျိုးအစားများကို နည်းလမ်းမျိုးစုံဖြင့် အသုံးပြုနေကြခြင်းဖြစ်ပါကြောင်း၊ ကော်အမျိုးမျိုးအား ဈေးဆိုင်များမှ လွတ်လပ်စွာရောင်းချနိုင်ခြင်း၊ သုံးစွဲသူများကလည်း ဈေးနှုန်းချိုသာစွာဖြင့် သုံးစွဲနိုင်ခြင်း၊ မူးယစ်ဆေးဝါးမဟုတ်သဖြင့် စိုးရိမ်ပူပန်မရှိဘဲ လွတ်လပ်စွာ ရောင်းချနိုင်ခြင်းတို့ကြောင့် လူငယ်/ လူရွယ်များသာမက ကျောင်းသားထုအတွင်း တဖြည်းဖြည်းဝယ်ယူသုံးစွဲမှု များပြားလာခြင်းဖြစ်ကြောင်း၊ သုံးစွဲ သည့်ကော်အမျိုးအစားများမှာ TV Speial Adhesive (For Leather, Rubber Cork , Textile , Wood) ၊ PS-LON Special Cement For PVC ၊ Bossil Bs-500 PVC Solvent Cement ၊ AB တံဆိပ်ပါကော်အမျိုးအစား၊ ထိုင်းနိုင်ငံထုတ် KKKတံဆိပ်ပါကော်အမျိုးအစား၊ တရုတ်နိုင်ငံထုတ်နဂါးတံဆိပ်ပါ သံဘူးဝိုင်းကော်အမျိုးအစား၊ တရုတ်နိုင်ငံထုတ်တရုတ်စာတန်းပါ သံဘူးဝိုင်း ညှစ်ဆေးကော်ဘူးအမျိုးအစားများဖြစ်ပြီး TV တံဆိပ်အား အများဆုံးသုံးစွဲကြောင်း၊ ကော်နှင့်အခြားအနံ့ရှိသောပစ္စည်းများအား ရှူရှိုက်ခြင်းဖြင့် ဦးနှောက်အား ထိခိုက်စေခြင်း၊ အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ခံစားမှုနှင့်ဆင်တူခြင်း၊ စကားပြော လေးလံလာခြင်း၊ လက်တွေ့လောကနှင့်ကင်းကွာခြင်း၊ စိတ်ပျော်ရွှင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံး ဟာတာတာ ဖြစ်ခြင်း၊ အမြင်မှားအကြားမှားဖြစ်ခြင်း၊ ကြောင်တောင်တောင် ဖြစ်ခြင်း၊ အသိစိတ်ကင်းလွတ်ခြင်း၊ ငြီးစီစီဖြစ်ပြီးအချိန်ကြာမြင့်စွာ ခေါင်းကိုက်တတ်ခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ နားလေးခြင်း၊ ခြေလက်အကြော အားနည်းခြင်း၊ ခြေလက်များ ကြွက်တက်ခြင်း၊ ဗဟိုအာရုံကြောစနစ် သို့မဟုတ် ဦးနှောက်ပျက်စီးခြင်း၊ အသည်းနှင့်ကျောက်ကပ်ပျက်စီးခြင်း၊ သွေးတွင်းအောက်စီဂျင်နည်းပါးခြင်း၊ အသည်းရောင်အသားဝါ၊ HIV/AIDS နှင့်အခြားကူးစက်ရောဂါများ ကူးစက်ခံရရန် အလားအလာများစေခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်၍ အခြားကြုံတွေ့ရသော လူမှုရေးပြဿနာများမှာ ယောကျ်ားလေးများ အချင်းချင်း ခိုက်ရန် ဖြစ်ပွားခြင်း၊ မိန်းကလေးများ မဖွယ်မရာ ပြုမူဆောင်ရွက်ခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ လူငယ်/လူရွယ်များအတွင်း ကော်ရှူသုံးစွဲမှုနှင့် ပတ်သက်၍ အခြေခံပညာအဆင့် မူလတန်း/အလယ်တန်း/ အထက်တန်းကျောင်းများတွင် အခြေခံပညာ ဦးစီးဌာန၊ မြို့နယ်ဒေသန္တရ ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကော်ရှူသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုင်ရာ အကျိုးအပြစ်နှင့်ရောဂါလက္ခဏာများအား ပညာပေးဟောပြောမှုများ ဆောင်ရွက်ရမည့်အပြင် စွဲလမ်းစွာ သုံးစွဲသူများကို ဆေးကုသမှုပေးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သက်ဆိုင်ရာနယ်မြေအတွင်းရှိ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်သူလူထုနှင့် ကော်ရှူသည့်လူငယ်များ၏ မိဘများကိုကော်ရှူခြင်း၏ ဆိုးကျိုးအန္တရာယ်များနှင့် သားသမီး များအား မျက်ခြေမပြတ်စောင့်ကြည့်သွားရန် အသိပညာပေးခြင်း၊ ကော်ဘူးများရောင်းချသည့် ဈေးဆိုင်ပိုင်ရှင်များအား လူငယ်များအသုံးပြုလျက် ရှိနေကြောင်း အသိပညာပေးကာ ညှိနှိုင်းဆွေးနွေးခြင်းများအား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် မိဘမဲ့ကလေးသူငယ်များ အခြေအနေမဲ့ ကလေးငယ်များကို ပညာ သင်ကြားရေးနှင့် အကျင့်စာရိတ္တပြုစုပျိုးထောင်ပေးနေသည့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေးနှင့် အကျင့်စာရိတ္တပြုစုပျိုးထောင်ပေးနေသည့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လူမှုဝန်ထမ်းဦးစီးဌာန၊ သာသနာရေးဦးစီးဌာန စသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ယဉ်ကျေးလိမ္မာသင်တန်းများတွင်လည်း စိတ်ပါဝင်စားစွာ ပါဝင်လာစေရေးအတွက် စည်းရုံးဆောင်ရွက်ရန်၊ ရပ်ရွာအခြေပြုသည့် လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေး အသင်းအဖွဲ့တို့သည် ရပ်ကွက်အတွင်းရှိ မိမိတို့နှင့် လက်လှမ်းမီသည့် ကော်ရှူသည့် ကလေးသူငယ်များ ပါဝင်လာစေရေးစည်းရုံး၍ စိတ်ဓါတ်နှင့်အကျင့်စာရိတ္တကို မြှင့်တင်ပေးရန်လိုအပ်ပါကြောင်း၊ အသိပညာပေး ခြင်းနှင့် တားဆီးကာကွယ်ရေး အခန်းကဏ္ဍအနေဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပညာရေးဌာနတို့ဖြင့် မြို့နယ်များတွင် ရပ်ကွက်များအတွင်းရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ NGO များနှင့်ပူးပေါင်း၍ ကော်ရှူခြင်း၏ဆိုးကျိုးများကြောင့် အနာဂတ်တွင်ဖြစ်ပေါ် လာနိုင်သည့် နောက်ဆက်တွဲ ရောဂါများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ထည့်သွင်း၍ အသိပညာပေးခြင်း၊ အခြေခံပညာ ကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် မူးယစ်ဆေးဝါးနှင့် ကော်ရှူခြင်း သတင်းများရရှိရေး တို့အတွက် စီမံဆောင်ရွက်လျက်ရှိပါကြောင်း ၊ဒုတိယအဆင့်အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ရှိ ဆောင်ရွက်ပေးနေသည့် အခြေအနေများကို ယနေ့လေလွင့်ကလေးငယ်များ၊ လမ်းပေါ်နေ ကလေးငယ်များအား ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီးအသက်ပေါ် မူတည်၍ အုပ်စုခွဲကာ အသက်(၁၈)နှစ်အောက် မိန်းကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ အမျိုးသမီးသင်တန်း ကျောင်းများသို့ ချက်ခြင်းပို့ဆောင်ပါကြောင်း၊ ယောက်ျားလေးများအား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ဌာန၊ စည်ပင်သာယာရဲတပ်ဖွဲ့ယာယီစောင့်ရှောက်ရေးစခန်း(နာနတ်တော)တွင် စောင့်ရှောက်ထားပြီး မိသားစုထံပြန်လည်အပ်နှံရန်အတွက် မိသားစုစုံစမ်းခြင်း၊ မိသားစုအခြေအနေပေါ်မူတည်၍ ကလေးအား ပြန်လည်အပ်နှံခြင်း၊ အကြိမ်ကြိမ်ရောက်ဖူးသည့် ကလေးများအား ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနှင့် သန်လျင်လူငယ်သင်တန်း ကျောင်းသို့ပို့အပ်ပါကြောင်း၊ အဆိုပါကျောင်းများတွင် ကလေးများ၏ စားဝတ်နေရေး၊ ကျန်းမာရေးတို့အား အသက်(၂၀)ပြည့်သည်အထိ စောင့်ရှောက်ပေးပြီး အသက်မွေး ဝမ်းကျောင်း သင်တန်းများဖြစ်သည့် ဆံသ၊ ဝပ်ရှော့၊ ဆိုင်ကယ်ပြင်သင်တန်း၊ ဝရိန်သင်တန်းတို့အား ဖွင့်လှစ်ပြီး သင်ကြားပေးလျက်ရှိပါကြောင်းနှင့် ပြင်ပတွင် ရပ်တည်နိုင်ရန်အတွက် စက်ရုံ၊ အလုပ်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကျောင်းတွင်းစောင့်ရှောက်ထားစဉ် ကလေးများအား ယဉ်ကျေးလိမ္မာ သင်ကြားပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်းတို့ဖြင့် ကလေးများ၏ အကျင့်စာရိတ္တအား ပြုပြင်ပေးလျက် ရှိပါကြောင်း၊ ဖမ်းဆီးလာသည့်အခါ အသက်(၁၈)နှစ်အထက်များအား ဝါးနက်ချောင်း လူမှုစောင့်ရှောက် ရေးဌာန(မှော်ဘီ)တွင် ၎င်းတို့၏ စားဝတ်နေရေးကျန်းမာရေးအား ဆက်လက်စောင့်ရှောက် ပေးလျက်ရှိသည့် အပြင် စိုက်ပျိုးရေးသင်တန်းအား သင်ကြားပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဖွဲ့စည်းထားပြီး ကလေးများ၏ အခွင့်အရေးကို ဥပဒေနှင့်အညီ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖော်ပြပါကိစ္စရပ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်ပေးနိုင်ရန် စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ ကော်ရှူခြင်းအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းလုပ်ငန်းများကို (မြို့နယ်၊ရပ်ကွက်၊ကျေးရွာ၊ဂုံးတံတားအောက်များ၊ဈေး၊ပန်းခြံ၊ ပညာရေးကျောင်းများတွင် (ကလေးများ၊ ၄င်း တို့၏မိဘ) များနှင့် ဆောင်ရွက်မည်ဖြစ်ပြီး ပါဝင်ဆောင်ရွက်မည့်အဖွဲ့များမှာ (သက်ဆိုင်ရာ မြို့နယ်အလိုက် ထွေ/အုပ်၊ စည်ပင် / ကျန်းမာရေး/ ရဲတပ်ဖွဲ့ (မူးယစ်)၊ လူမှုဝန်ထမ်း/NGOs/INGOs) တို့ဖြင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးအနေဖြင့် ကော်ရှူနေသည့်ကလေးများအား တွေ့ရှိသည့် မည်သူမဆို လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာန၊ စည်ပင်သာယာရဲတပ်ဖွဲ့နှင့် မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတို့ကို အကြောင်းကြား ပေးပါက အကြောင်းကြားချက် လက်ခံရရှိသည့် အပေါ်မူတည်ပြီး မိသားစုဆွေမျိုးများရှိပါကထိုအဖွဲ့က ဆုံးမခြင်း၊ ခံဝန်ရေးထိုးခြင်းများဆောင်ရွက်ပြီး မိသားစုထံ ပြန်လည်အပ်နှံမည်ဖြစ်ပါကြောင်း၊ ထိုသို့ (၃)ကြိမ်တိုင် ခံဝန်ရေးထိုးပြီး မိသားစုထံအပ်နှံထားသည့် ကလေးများထပ်မံတွေ့ရှိပါက (၂၃.၇.၂၀၁၉) ရက်နေ့တွင် ထွက်ရှိသော ကလေးသူငယ်ဥပဒေပုဒ်မ(၅၆)အရ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်အဖြစ် သတ်မှတ်ပြီးသင်တန်းကျောင်းတွင် စောင့်ရှောက်၍ အကျင့်စာရိတ္တပြုပြင်ပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်ကြားပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုကလေးများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးရုံ/ဆေးခန်းပြသပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ပြီး လိုအပ်ပါက မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် သင်တန်းတက်ရောက်စေမည်ဖြစ်ပါကြောင်း၊ ကလေး၏ဆန္ဒအရ အသက်မွေးဝမ်းကျောင်း သင်တန်းသင်ကြားပေးခြင်းအား (NGOs/INGOs)များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ပြီး တတ်မြောက်ပြီးပါက လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် ချိတ်ဆက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ယနေ့လေလွင့်ကလေးများအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲ ဆောင်ရွက်နေသည့် အရပ်အခေါ် ကော်ရှူခြင်းကိစ္စရပ်နှင့်ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့ ပူးပေါင်း၍ (၂၀၁၈-၂၀၁၉) ပညာသင်နှစ်၊ ရန်ကုန်တိုင်းဒေသကြီး (တိုင်းဒေသကြီးအဆင့်) ကျောင်းကျန်းမာရေးကော်မတီများ ဖွဲ့စည်းပြီး ကျန်းမားရေးအဆင့်မြှင့်ကျောင်းများ ထူထောင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၂၀၁၉-၂၀၂၀) ပညာသင်နှစ် အတွင်း အောက်ပါလုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းကျန်းမာရေးဌာနက ရေးဆွဲထားသော ကျောင်းကျန်းမာရေးအနုစိတ်စီမံချက်၏ ရည်ရွယ်ချက် များအနက်မှ ဖွဲ့စည်းတည်ထောင်ခြင်း လုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်/ကျောင်းအဆင့် ကျောင်းကျန်းမာရေးကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ ပြန်လည် မွမ်းမံခြင်းဖြင့် ပိုမိုအားဖြည့်ဆောင်ရွက်ရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ်ပါ လုပ်ငန်းစဉ် များအား အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန်၊ ကျန်းမာရေးအဆင့်မြှင့်ကျောင်း (၆၀) ထူထောင်ခြင်း လုပ်ငန်းတို့ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်(၇)ရပ်တွင် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံ သောက်သုံး ခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာ ကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန်အကျွံ စွဲလမ်းမှုပပျောက်ရေး / Screen Time လျှော့ချရေးတို့ ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေး ကော်မတီက ယနေ့လေလွင့်ကလေးများအပါအဝင် ကျောင်းသား/ကျောင်းသူတို့အား ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်း၏ နောက်ဆက်တွဲအန္တရာယ်လျော့ချရေး၊ ကျန်းမာရေး ပညာပေးခြင်းများ ပြုလုပ်ခြင်း၊ ကျောင်းစုဝေးပွဲများတွင် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်း (ပြခန်း)များဖြင့် ပြသခြင်း၊ အတိဒုက္ခရောက်ရမှုများအကြောင်းကို ဟောပြောခြင်း၊ ဆေးလိပ်၊ ကွမ်း၊ အရက်ကြောင့် ဖြစ်ပေါ်တတ်သော လူနေမှုဘဝ ဆိုးကျိုးများနှင့် စိတ်ပိုင်းဆိုင်ရာ ရောဂါများအကြောင်း ဟောပြောခြင်း၊ သက်ဆိုင်ရာ ဆရာ/ဆရာမများထံသို့ အသိပညာပေး ဆွေးနွေးနိုင်ကြောင်း ပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် ပေ(၁၀၀)အကွာတွင် ဆေးလိပ်၊ အရက်နှင့် ကွမ်းယာဆိုင်များ ဖွင့်လှစ်ခြင်းမရှိစေရန် ကျန်းမာရေးဌာနအပါအဝင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စည်ပင်သာယာရေး စသောအဖွဲ့ အစည်းများနှင့် ကျောင်းကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ဥပဒေအသက်ဝင်လာစေရန် ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ အခြေခံပညာ ကျောင်းအုပ်ကြီးများသည် ကျောင်းသား/ကျောင်းသူတို့အား ဆေးလိပ်၊ အရက်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်းတို့မှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားအားကစား၊ ပန်းချီ၊ ဂီတ အနုပညာ အသင်းအဖွဲ့များဖြင့် လှုပ်ရှားစေရန်၊ စာဖတ်ခန်းများထားရှိရန် ကျောင်းပတ်ဝန်း ကျင်နှင့် သက်ဆိုင်ရာမြို့နယ်များ၏ Public Area များ တွင် Smoke Free Zones/Tobacco Free Zones များတိုးချဲ့ထူထောင်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝများ ရရှိရန်၊ အားကစားနည်းများတွင် ကျောင်းသား/ကျောင်းသူများအား မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုအား ရွေးချယ်၍ ပုံမှန်ပြုလုပ်နိုင်ရန်အတွက် ကျောင်းများမှ ပံ့ပိုးပေးနိုင်မည့်ပုံစံ၊ နည်းလမ်းများပါ ထည့်သွင်းပညာပေးရန်၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ပိုစတာရုပ်ပုံကားချပ်များဖြင့်သာမက ပညာရေးအစီအစဉ်များဖြင့် သင်ပြဟောပြောပေးရန်၊ ကျောင်းသား/ သူများ ဂိမ်းအလွန်အကျွံစွဲလမ်းမှုကို ပပျောက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံပညာရေးကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ကျောင်းတိုင်း၌ မိဘ/ဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်း၍  အကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့အစည်းသည် ကျောင်း၏ တိုးတက်ရာ တိုးတက်ကြောင်းနှင့် ကျောင်းသားလူငယ်တို့၏ ဘက်စုံပညာရေးအတွက် အရေးပါသော အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ကျောင်းများတွင် မိဘ/ဆရာအသင်းအလုပ်အမှုဆောင် အဖွဲ့အပြင် မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများ ပါဝင်သော ကျောင်းအကျိုးတော်ဆောင်အဖွဲ့ကို ဖွဲ့စည်း၍ ကျောင်းတွင်းလိုအပ်သော ပံ့ပိုးမှုများကို ကူညီပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ဆေးလိပ် ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများအန္တရာယ်ကင်းရှင်းရေးအတွက် ရည်မှန်းချက်များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများတွင် ဆေးလိပ်ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများအန္တရာယ် ကင်းဝေးရေးလုပ်ငန်းများကို စီမံချက်ရေးဆွဲ၍ အချိန်ဇယားဖြင့် စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ကျောင်းသားလူငယ်များအား ဆေးလိပ်ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးအန္တရာယ်မှ ထိရောက်စွာ ကာကွယ်ပေးရန်၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများဆိုင်ရာ ဗဟုသုတများကို ကျောင်းသားလူငယ်များမှတဆင့် မိသားစုများသို့ ပျံ့နှံ့ရောက်ရှိ၍ လိုက်နာကျင့်သုံး ရှောင်ကြဉ်တက် စေရန်၊ ကျောင်းများတွင် ဆေးလိပ် ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများ ကင်းဝေးရေးလုပ်ငန်းများကို မိဘ/ဆရာနှင့်အတူ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်သောအလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ရပ်ဖြစ်သော လူတိုင်းရောဂါဘယကင်းဝေး၍ သက်တမ်းစေ့အသက်ရှည်စွာ နေနိုင်ရေးကို တစ်ဘက်တစ်လမ်းမှ အထောက်အကူပြုစေရန်တို့ ဖြစ်ပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများတွင် ကာယ ပညာဘာသာရပ်သည် အရည်အသွေးမြင့် ပညာရေးစနစ်အတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊ ကာယပညာအစီအစဉ် များသည် ကာယလှုပ်ရှားမှုများကို မြှင့်တင်ပေးရုံမျှမက ပညာရေးဆောင်ရွက်ချက် တိုးတက်မှုနှင့်လည်း အပြန်အလှန် ဆက်နွယ်မှုရှိပါကြောင်း၊ အားကစားသည် ကျောင်းသား/ကျောင်းသူများတွင် မူးယစ်ဆေးဝါး အသုံးပြုမှု၊ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများကဲ့သို့သော စံလွဲအပြုအမူများအစား ကောင်းမွန်သော အမူအကျင့်ကောင်း များကို ဖြစ်ထွန်းစေပါကြောင်း၊ အားကစားသည် ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအသုံးပြုမှု၊ အကြမ်းဖက်မှုနှင့် ရာဇဝတ်မှုများကဲ့သို့သော စံလွဲအပြုအမူများ မဖြစ်ပေါ်စေရေးအတွက် အခြေခံပညာ ကျောင်းများတွင် အားကစားနည်းများ ယှဉ်ပြိုင်စေခဲ့ပါကြောင်း ၊ (၂၆.၇.၂၀၁၉ ) မှ (၅.၈.၂၀၁၉) အထိ U-14 (ဘောလုံးပြိုင်ပွဲများ)၊ (၁၈.၉.၂၀၁၉) မှ (၂၂.၉.၂၀၁၉) အထိ ဘော်လီဘောနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊ (၁၄.၉.၂၀၁၉) မှ (၁၆.၉.၂၀၁၉) အထိ လူမှုရေးဝန်ကြီး (ဖလား) ပြေး၊ခုန်၊ပစ်ပြိုင်ပွဲ၊ (၂၁.၉.၂၀၁၉)မှ  (၂၂.၉.၂၀၁၉) ထိ လူမှုရေးဝန်ကြီး (ဖလား) ဝူရှုးပြိုင်ပွဲ၊ (၁.၉.၂၀၁၉) မှ (၇.၉.၂၀၁၉) အထိ မြို့နယ်အဆင့် (Royal-D) (ဘောလုံးပြိုင်ပွဲများ )၊ (၃.၈.၂၀၁၉) မှ (၁၁.၈.၂၀၁၉ )အထိ အနောက်ပိုင်းခရိုင် (Royal-D) (ဘောလုံးပြိုင်ပွဲများ)၊ (၂၉.၈.၂၀၁၉) မှ (၆.၉.၂၀၁၉) အထိ အရှေ့ပိုင်းခရိုင် (Royal-D) (ဘောလုံးပြိုင်ပွဲများ )၊ (၂၅.၉.၂၀၁၉) မှ (၃၀.၉.၂၀၁၉) အထိ တိုင်းအဆင့် (Royal-D) (ဘောလုံးပြိုင်ပွဲများ ) စသည့် ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ပေးခဲ့ပါကြောင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှုများသည် ကျောင်းသား/ကျောင်းသူ   လူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိတ်အပိုင်းတစ်ခု ပါဝင်နေပါကြောင်း၊ ကျောင်းများတွင် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများအန္တရာယ်ကာကွယ်ရေးနှင့်ပတ်သက်၍ ဆေးလိပ် ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများအန္တရာယ်ဆိုင်ရာ ပြပွဲများ၊ ဟောပြောပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ စသည်ဖြင့် ကျင်းပ၍ နည်းမျိုးစုံဖြင့် အသိပညာပေးခြင်း၊ ကျောင်းတွင်းမူဝါဒ ချမှတ်ခြင်းနှင့် မူဝါဒအတိုင်း ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဆရာ/မ များအား ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများအန္တရာယ်နှင့် ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သင်တန်းများ ပို့ချခြင်း၊ ဆေးလိပ်ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများ စွဲလမ်းမှုဖြတ်တောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဆေးလိပ်၊ဆေးရွက်ကြီးနှင့် မူးယစ်စေတတ်သော ဆေးဝါးများ ကင်းဝေးကြောင်း အကောင်အထည်ဖော်နိုင်ဖို့ အခြေအနေကို တစ်နှစ်လျှင် တစ်ကြိမ် ကြီးကြပ်ဆန်းစစ်ခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း၊ အခြေခံပညာကျောင်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တားဆီးကာကွယ်ရေးဆိုင်ရာ ပြိုင်ပွဲများ ၊ ဟောပြောပွဲများ၊ ပြည်သူ့စကားဝိုင်းများ ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစပ်ပြိုင်ပွဲများ စသည်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ၊သို့ပါ၍ နှစ်စဉ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှလည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာစပ်ပြိုင်ပွဲများအား မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်း(MANA) မှလည်းကောင်း ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိပါကြောင်း၊ ဆက်လက်ပြီး မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနများနှင့် ပူးပေါင်း၍ အခြေခံပညာ ကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဆိုင်ရာ ဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်းများ ကျင်းပဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ကာယ၊ဉာဏ၊ စာရိတ္တများ ဖွံ့ဖြိုးတိုးတက်ပြီး လူရည်ချွန်များပေါ်ထွက်လာစေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲနှင့် ဆွေးနွေးပွဲများကို အပတ်စဉ် အင်္ဂါနေ့တိုင်း၌ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မေးမြန်း လာသော ယနေ့ လေလွင့်ကလေးများအပါအဝင် ကျောင်းသား/ကျောင်းသူအချို့ပါ သုံးစွဲ ဆောင်ရွက်နေသည့် အရပ်အခေါ် ကော်ရှူခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများ မထုတ်ပြန်မီ ကာလအတွင်း လူ့စွမ်းအား အရင်းအမြစ်များဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ အခြေခံပညာ ကျောင်းများမှ တတ်စွမ်းသရွေ့ ဆောင်ရွက်လျက်ရှိပြီး အနာဂတ် လူသားကောင်းများ ထွက်ပေါ်လာရေး အတွက် အကောင်းဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ” ပြန်လည်ဖြေကြားခဲ့ပါသည်။

About Ygn Editor

Check Also

ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက စီမံခန့်ခွဲနေသော နက္ခတ်တာရာပြခန်းကို အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၂၀)စတုတ္ထနေ့တွင် လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ ပြည်သူ့ရင်ပြင်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး …