Thursday , May 28 2020
Breaking News
Home / ပြန်ကြားရေး / ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းအားကစားကွင်းများ၊ ကျောင်းဆေးပေးခန်းများ၊ ကျောင်းစာကြည့်တိုက်များထားရှိမှု အရေအတွက်နှင့် ရာခိုင်နှုန်းမည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ လိုအပ်နေသော ကျောင်းများအားလည်း မည်သည့်ကာလ၊ မည်သည့်အချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းအားကစားကွင်းများ၊ ကျောင်းဆေးပေးခန်းများ၊ ကျောင်းစာကြည့်တိုက်များထားရှိမှု အရေအတွက်နှင့် ရာခိုင်နှုန်းမည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ လိုအပ်နေသော ကျောင်းများအားလည်း မည်သည့်ကာလ၊ မည်သည့်အချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်း


ရန်ကုန်၊ ဇန်နဝါရီ လ ၈ ရက်၊ ၂၀၂၀ပြည့်နှစ်
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက “ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းအားကစားကွင်းများ၊ ကျောင်းဆေးပေးခန်းများ၊ ကျောင်းစာကြည့်တိုက်များထားရှိမှု အရေအတွက်နှင့် ရာခိုင်နှုန်းမည်မျှရှိသည်ကို သိရှိလိုပါကြောင်း၊ လိုအပ်နေသော ကျောင်းများအားလည်း မည်သည့်ကာလ၊ မည်သည့်အချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ”မေးမြန်းရာ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက “ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်း ကျောင်းများတွင် ကျောင်းအားကစားကွင်းများ၊ ကျောင်းစာကြည့်တိုက်များထားရှိမှု အရေအတွက်နှင့် ရာခိုင်နှုန်းတို့အား ပူးတွဲပါအတိုင်းဖြစ်ပါကြောင်း၊ ကျောင်းတိုင်းတွင် ကျောင်းသား/သူများအား အခြေခံကျန်းမာရေးဆေးပေးခန်း များဖွင့်လှစ်၍ အရေးပေါ်ရှေးဦးသူနာပြုစုရာတွင် လိုအပ်သည့်ဆေးဝါးနှင့်ပစ္စည်းများကို စုဆောင်းထားရှိပြီး ကျောင်းကျန်းမာရေးဆေးပေးခန်း များကို အခြေခံပညာကျောင်းအားလုံးတွင် ထူထောင်လျက်ရှိပါကြောင်း၊ ကျောင်းကျန်းမာရေးဆေးပေးခန်းများကို ကျောင်းအဆောက်အဦ၏ စာသင်ခန်း(၁)ခန်း ဆောင်ရွက်ပါကြောင်း၊ စာသင်ခန်းဖြင့် မဆောင်ရွက်နိုင်သော စာသင်ကျောင်းများအတွက် ဆေးပုံး၊ ဆေးသေတ္တာများဖြင့် ကျောင်းတိုင်းတွင် လိုအပ်သလို အသုံးပြုရန် စီစဉ်ထားလျက်ရှိ ပါကြောင်း၊ သီးသန့်ဆေးပေးခန်းအတွက် ဆောက်လုပ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲသည် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ(Healthy Life Styles)ကို သိရှိကျင့်သုံး စွဲမြဲစေရန်နှင့် ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အကောင်အတည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်း၍ နှစ်စဉ်ဩဂုတ်လ(ဒုတိယအပတ်)ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းကျန်းမာရေး လုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၂၀၁၉-၂၀၂၀) ပညာသင် နှစ်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ရုံးတို့ ပူးပေါင်းပြီး ကျောင်းကျန်းမာရေးအဆင့်မြှင့်ကျောင်းများအဖြစ် မြို့နယ်ပေါင်း(၃၃)မြို့နယ်မှ ကျောင်းပေါင်း(၆၀)ကျောင်းအား ထူထောင်ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းများအတွက် ကျန်းမာရေးအဆင့်မြှင့်တင် ကျောင်းအသင်းတံဆိပ်ပါကစ်ပုံး၊ အသင်းတံဆိပ်ပါ အင်္ကျီ/ဦးထုပ်၊ စာရေးကိရိယာ၊ ဆပ်ပြာ၊ သွားတိုက်ဆေး/ သွားတိုက်တံနှင့် ဓာတ်မီးစသည့်ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးပညာပေးအနေဖြင့် ကျောင်းသား/သူများအား တစ်ကိုယ်ရေ သန့်ရှင်းရေး၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်ခြင်း၊ အမှိုက်ကင်းစင်ကျောင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာသုံးစွဲရေး၊ အစာအုပ်စု(၃)အုပ်စု၊ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးစသည် တို့ကိုဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်းသား/သူများ ပညာသင်ကြားမှုကို ပြည့်ဝစွာခံယူသင်ကြားနိုင်ရန် ကာယအားဖြင့်လည်းကောင်း၊ စိတ္တအားဖြင့်လည်းကောင်း၊ မိတ္တအားဖြင့်လည်းကောင်း သုံးပါးစလုံးပြည့်ဝရန်လိုအပ်ပါကြောင်း၊ ကျောင်းသား လူငယ်အရွယ် ရောဂါများကို ဆောင်ရွက်ရန်ညွှန်ကြားချက်အတိုင်း ဆရာ/ဆရာမများမှ ပြုစုစောင့်ရှောက်ပေးပါသော်လည်း တိုးတက်မှုမရှိသည့်အခါတွင် သက်ဆိုင်ရာဆေးခန်းများသို့ သွားရောက်ကုသရန် စီစဉ်ညွှန်ကြား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ (ဥပမာ- မျက်စိမှုန်၊ နားပြည်ယို၊ အူကျ၊ သွေးအားနည်း၊ နှလုံးတုန်၊ မောလွယ်၊ ရင်ကျပ် စသည့်ရောဂါများ)ဖြစ်ပါကြောင်း၊ ကျောင်းသား/သူများ၏ ကျန်းမာရေးအခြေအနေကို ဆရာ/ဆရာမများ ကိုယ်တိုင်အလွယ်တကူလေ့လာအကဲခတ်နိုင်ပါကြောင်း၊ ကျောင်းသား/သူများတွင် ဖြစ်ပေါ်နေသော ကိုယ်ကာယမကျန်းမာမှု၊ စိတ်ကျန်းမာမှုချို့ယွင်းမှု၊ ကျောင်းသားအချင်းချင်း ဆက်ဆံရေးမပြေပြစ်မှု စသည်တို့ကို အကဲခတ်မှတ်သားနိုင်ပြီး လိုအပ်သည်ကို ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ပိုမိုကောင်းမွန်သော ကျန်းမာရေးပညာပေး လှုပ်ရှားမှုများကို မိမိတို့ကျောင်းအသင်း၏ ဖန်တီးမှုဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း၊ (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးမှ အခြေခံပညာဦးစီးဌာနသို့ လုပ်ငန်းအားလုံးအတွက် ကျောင်းပေါင်း (၅၁၃) ကျောင်း လျာထားတင်ပြခဲ့သော်လည်း ရရှိရန်ပုံငွေအရ ကျောင်းပေါင်း (၁၈၄)ကျောင်းသာ ခွင့်ပြုခဲ့ပါကြောင်း၊ ခွင့်ပြု(၁၈၄)ကျောင်းတွင် အားကစားကွင်း/ရုံ(၄)ခုနှင့် စာကြည့်တိုက်(၇)ခုသာ လျာထားနိုင်ခဲ့ပါကြောင်း၊ သို့ပါ၍ ဘဏ္ဍာနှစ်များ အလိုက် ခွင့်ပြုကျောင်းအားလုံးသည် အန္တရာယ်ရှိကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ကျောင်းဆောင်များနှင့် သဘာဝဘေးများအတွက်သာ ဦးစားပေးလျာထားဆောင်ရွက်ခဲ့သဖြင့် ရရှိဘဏ္ဍာငွေပိုလျှံလာပါက ကျောင်းကစားကွင်းနှင့် ကျောင်းစာကြည့်တိုက်များအတွက် လိုအပ်သလိုဖြည့်ဆည်းလျာထား ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ’’ ပြန်လည်ဖြေကြား ခဲ့ပါသည်။

About Ygn Editor

Check Also

ဥပဒေကြမ်းကော်မတီ ပူးပေါင်းအစည်းအဝေး အမှတ်စဉ်(၁၉/၂၀၂၀)ကျင်းပ

  ရန်ကုန်၊ မေလ ၂၈ ရက် ၊ ၂၀၂၀ ပြည့်နှစ် ၂၈.၅.၂၀၂၀ ရက်၊ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)နာရီ …