Monday , September 28 2020
Breaking News
Home / ပြန်ကြားရေး / ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

23 July 2018 0

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် န၀မပုံမှန်အစည်းအဝေးကို ကျန်းမာရွှင်လန်းစွာနဲ့ တက်ရောက်လာကြတာတွေ့ရတဲ့အတွက် ဝမ်းမြောက်ပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး ကာယသုခ၊ စိတ္တသုခများနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ဒီနေ့ စတင်ကျင်းပတဲ့ န၀မပုံမှန်အစည်းအဝေးကာလအတွင်းမှာ ဆွေးနွေးကြရမယ့် ဥပဒေကြမ်းများအနေနဲ့ (၂၃)ခုရှိပါတယ်။ အဆိုများအနေနဲ့ အဋ္ဌမပုံမှန်အစည်းအဝေးမှာ တင်သွင်းခဲ့ပြီး ဆွေးနွေးရန် ကျန်အဆို (၄) ခုနဲ့၊ အသင့်ဖြစ်အဆို (၃) ခုရှိတဲ့အတွက် ဆွေးနွေးရန် အဆိုစုစုပေါင်း (၇) ခု ဖြစ်ပါတယ်။ မေးခွန်းများအနေနဲ့ အဋ္ဌမပုံမှန်အစည်းအဝေးမှ န၀မပုံမှန်အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်း (၁၃၇) ခု အပါအဝင် အသင့်ဖြစ်ကြယ်ပွင့်ပြ မေးခွန်း (၁၅၆) ခု ရှိပါကြောင်း အသိပေးတင်ပြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ယနေ့ကာလဟာ ထာဝရငြိမ်းချမ်းရေးရရှိဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံကို အလေးထားဆောင်ရွက်နေတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်ဆင့်ချမှတ်ပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေသလို အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အဆိုပြုချက်တွေကို အခြေခံပြီးထွက်ပေါ်လာတဲ့ သဘောတူညီချက်များက တစ်ဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင် သွားကြရာမှာ  ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမစတင်မီ ဇူလိုင်လ (၁၀) ရက်နေ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ (၂) ဦး ဦးစီး၍ ညီလာခံတက်ရောက်ကြမည့် ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကို တွေ့ဆုံ၍စနစ်တကျနှင့် ထိရောက်စွာ ချိတ်ဆက်ဆွေးနွေး နိုင်စေရန် ဆွေးနွေးမည့် အစုအဖွဲ့ (၅) ဖွဲ့ကို တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီအဖွဲ့တွေမှာ ပါတီစုံနှင့်တိုင်းရင်းသားပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။ ညီလာခံကာလတစ်လျှောက်လုံးမှာ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များက အားကောင်း မောင်းသန်စွာနဲ့ ပါဝင်ဆွေးနွေးခဲ့ကြောင်း တွေ့ရှိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြည်သူ့အသံကို ထင်ဟပ်စေတဲ့လွှတ်တော်ဟာ ပြည်သူတွေ အားကိုးထိုက်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကြီးဖြစ်ဖို့  လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ ဥပဒေပြုရေး တာဝန်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာ ထမ်းဆောင်နိုင်ကြဖို့ လိုအပ်ပါတယ်။ မိမိတို့လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတွေဟာ ပြည်သူတွေရဲ့ ကိုယ်လုံခြုံမှု၊ စိတ်လုံခြုံမှုကို ကာကွယ် မြှင့်တင်ပေးနိုင်တဲ့ ဥပဒေတွေ ဖြစ်ရပါမယ်။ လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုတွေဟာ ပြည်သူ့အသံကို ထင်ဟပ်နေတဲ့ အဆိုတွေဖြစ်ရပါမယ်။ မေးမြန်းတဲ့ မေးခွန်းတွေဟာလည်း ပြည်သူ့သဘောထားတွေ ဖော်ပြတဲ့မေးခွန်းတွေ ဖြစ်ရပါမယ်။ ထို့အတူ လွှတ်တော်ကိုယ်စားလှယ် တာဝန်တွေ ဆောင်ရွက်တဲ့အခါ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေများအတိုင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကျင့်ဝတ်စည်းကမ်းများနဲ့အညီ လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  မိမိတို့ပြည်သူ့ကိုယ်စားလှယ်များ စွမ်းဆောင်ရည်မြင့်မားပါမှ “ နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွား ကိုပိုမိုထိရောက်စွာ သယ်ပိုးဆောင်နှင်းပေးနိုင်မှာ ဖြစ်တဲ့အတွက် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် အမြဲအားထုတ်ကြိုးပမ်းကြဖို့ တိုက်တွန်းပြောကြားရင်း ” နှုတ်ခွန်း ဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

About Ygn Editor

Check Also

၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီတို့၏ စိစစ်လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာများအား လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

  ရန်ကုန်၊ စက်တင်ဘာလ ၁ ရက်၊ ၂၀၂၀ပြည့်နှစ် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဥ္စမနေ့တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီး၏ …

Leave a Reply

Your email address will not be published.